Events
အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ အစည်းအဝေးကျင်းပ
Updated At: 2024-02-29 12:37:24
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် ရုံးအမှတ် (၃)၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ၌ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ ၁/၂၀၂၄ ကြိမ်မြောက် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ၂၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားပို့ကုန် မဟာဗျူဟာကို ၂၀၁၃ ခုနှစ်မှ စတင်ရေး ဆွဲခဲ့ပြီး ၂၀၁၅-၂၀၁၉ (၅) နှစ်တာကာလအတွက် ကဏ္ဍ (၁၁) ခုကို ရွေးချယ် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအဆင့်အဖြစ် ၂၀၂၀-၂၀၂၅ ကာလအတွက် ကဏ္ဍ (၁၈)ခုကို ရွေးချယ်အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များအတွက် ကဏ္ဍအလိုက် အသေးစိတ်လုပ်ငန်းစီမံချက်များနှင့် ပင်မ လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီးဖြစ်၍ စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတို့ကလည်း အတည်ပြုပြီးဖြစ်ပါကြောင်း၊ မဟာဗျူဟာ အကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီနှင့် အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖွဲ့စည်းပေးပြီးဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသည့် စီးပွားရေးဦးတည်ချက် များကိုအခြေခံကာ ကာလတိုအတွင်း ရလဒ်ထွက်ပေါ်နိုင်စေမည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်မည့်အဖွဲ့များအနေဖြင့် သက်ဆိုင်ရာဌာနချင်း နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အမျိုးသားပို့ကုန်မဟာဗျူဟာ ပထမအဆင့် ၂၀၁၅-၂၀၁၉ တွင် ကဏ္ဍ (၁၁)ခု အတွက် ၆၉ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ ယခုဒုတိယအဆင့် ၂၀၂၀-၂၀၂၅ တွင် ကဏ္ဍ (၁၈)ခု ရွေးချယ်ထားရှိပြီး ရာနှုန်းပြည့် အကောင် အထည်ဖော်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်အောင်မြင်ရေးအတွက် ပိုမို ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရန်အတွက် ပိုမိုလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များအတိုင်း အဖွဲ့ဝင်များမှ ဝိုင်းဝန်ပူး ပေါင်းဆောင်ရွက် သွားစေလိုကြောင်း၊ ဌာနများက လက်ရှိအကောင်အထည်ဖော်နေသည့် ဦးစားပေးလုပ်ငန်း များနှင့်ချိတ်ဆက်ပြီး ရေတိုအကျိုးရလဒ်ဖြစ်ထွန်းမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးဖော် ထုတ်သွားစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကော်မတီတွဲဘက်အတွင်းရေးမှူး-၁ ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အမျိုးသားပို့ကုန်မဟာဗျူဟာ ဖွဲ့စည်းဆောင်ရွက် မှုနှင့်ကဏ္ဍအလိုက်အကောင်အထည်ဖော်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ ကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ တင်ပြမှုများအပေါ် ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကဖြည့်စွက်ဆွေးနွေးပြီး လမ်းညွှန်မှာကြားခဲ့သည်။
More Events
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025